ဒီရက်ပိုင်းလေးမှာ အရေးကြီးတဲ့ ပွဲလေးတက်ရောက်စရာရှိနေတာနဲ့ ကိုယ်အနှစ်သက်ဆုံး ဝတ်စုံလေးဝတ်ပြီး ပွဲတက်ရမယ်လို့ တွေးမိရော။ ကိုယ်နှစ်သက်တဲ့ ဝတ်စုံလေးကို ဝတ်ကြည့်လိုက်တော့ မတော်တော့ဘူး ကြပ်နေပြီဆိုတဲ့ အခြေအနေမျိုး ကြုံဖူးကောင်း ကြုံဖူးပါလိမ့်မယ်။ သေချာတာကတော့ ကိုယ်အကြိုက် ဝတ်စုံလေးကို ပြန်ပြီး ဝတ်ဆင်နိုင်ဖို့ဆိုရင် ပိုနေတဲ့အဆီတွေ ဖယ်ရှားလိုက်ဖို့ လိုနေပြီပေါ့။ ဒီအတွက်တော့ လုံးဝစိတ်ပူစရာမလိုပါဘူး။ အဆီပိုတွေ ဖယ်ရှားဖို့ဆိုရင် ငှက်ပျောသီး-နွားနို့ Diet ကို လွယ်လွယ်ကူကူလေး လိုက်ပြီးလုပ်ကြည့်လိုက်တာနဲ့ ကိုယ်နှစ်သက်တဲ့ ဝတ်စုံကို ပြန်ပြီး ဝတ်လို့ရမှာနော်။ ဒီနည်းလမ်းလေး က ၃ – ၄ ရက်လောက် လုပ်ကြည့်လိုက်တာနဲ့ အံ့သြစရာကောင်းတဲ့ အကျိုးကျေးဇူးတွေကို တွေ့ မြင်ရလောက်အောင် ထိရောက်မှုရှိပါသတဲ့။

အခုဖော်ပြမယ့် နည်းလမ်းကို Dr.George Harrop က ၁၉၃၄ ခုနှစ်က ဆီးချိုဝေဒနာသည်တွေအတွက် တီထွင်ခဲ့တာပါ။ လက်ရှိအနေအထားမှာတော့ Dr.George ရဲ့ နည်းလမ်းက မြန်မြန်ဆန်ဆန်ကို လူသိများလာနေခဲ့ပါပြီ။ တစ်ခု သတိ ပြုရမှာကတော့ အခုဖော်ပြမယ့် Diet Plan ကို ၄ ရက်ထက် ပိုပြီးတော့ လိုက်မလုပ်မိဖို့ပါဘဲ။ ဒါလေးတစ်ခုကိုတော့ သတိပြုရပါမယ်။ ဒီလိုဆိုရင်တော့ ငှက်ပျောသီးနဲ့ နွားနို့ Diet ကို ဘယ်လို ဆောင်ရွက်လို့ရလဲဆိုတာ ဆက်ပြီးလေ့လာကြည့် ကြရအောင်နော်။ ပထမဆုံးအနေနဲ့ မှတ်သားထားရမယ့် အချက်ကလေးတချို့ကို အရင်ပြောပါဦးမယ်။

ငှက်ပျောသီးနဲ့ နွားနို့ Diet Plan ကို ဘယ်လိုလုပ်ရမလဲ
ငှက်ပျောသီးနဲ့ နွားနို့ Diet ဟာ ရိုးရှင်းတဲ့ စည်းမျဉ်းတွေပေါ်မှာ အခြေခံထားပါတယ်။ ကယ်လိုရီနည်းနည်းနဲ့ အာဟာရဓာတ်မြင့်မားတဲ့ အစားအစာတွေကို စားသုံးပြီးတော့ အဆီတွေကို တဖြည်းဖြည်းချင်း လျော့ကျစေတဲ့ နည်းလမ်းပါ။ ငှက်ပျောသီး ၂ လုံးက နေ ၃ လုံးကို စားပေးတာ ဒါမှမဟုတ် ငှက်ပျောသီး ၂ လုံးကနေ ၃ လုံးကို မလိုင်ပြည့် နွားနို့နဲ့ ရောနှောဖျော်စပ်ထားတဲ့ ဖျော်ရည်ကို တစ်နေ့ ၃ ကြိမ် သောက်သုံးပေးရမှာ ဖြစ် ပါတယ်။ ငှက်ပျောသီး တစ်လုံးစီမှာ ကယ်လိုရီ ၁ဝဝ ဝန်းကျင် ပါဝင်ပြီး နွားနို့တစ်ခွက်မှာတော့ ကယ်လိုရီ ၈ဝ ထက် မပါဝင်ပါဘူး။ ဒါကြောင့် ဒီရဲ့Diet ကို တစ်ရက်မှာ သုံးကြိမ် စားသုံးပေးမယ်ဆိုရင် တစ်နေ့တာအတွက် ကယ်လိုရီ ၁ဝဝဝ ထက် မပိုနိုင်တော့ဘူးပေါ့။

မလိုင်အပြည့် ပါဝင်တဲ့ နွားနို့က ကိုယ်အလေးချိန်ကျဆင်းစေဖို့ အကူအညီဖြစ်စေတယ်ဆိုတာကို သုတေသနတွေက လေ့လာသက်သေပြထားပြီးသားဖြစ်တာကြောင့် မလိုင်အပြည့်ပါတဲ့ နွားနို့ကိုဘဲ ထောက်ခံချက်ပေးပါတယ်နော်။ အဆီထုတ် ထားတဲ့ နို့မဟုတ်ပါဘူး။ နို့သောက်ပြီးတဲ့အချိန် ဒါမှမဟုတ် နို့မသောက်ခင်မှာ ငှက်ပျောသီးကို စားလို့ရပါတယ်။ ဒါမှမဟုတ်ရင်လည်း နို့နဲ့ ငှက်ပျောသီးနှစ်မျိုးလုံး ရောနှောကြိတ်ချေပြီးတော့လည်း သောက်လို့ရပါသေးတယ်။ ဒါ့အပြင် ငှက်ပျောသီးနဲ့ နို့အပြင် အခြားသော အသားဓာတ် ကြွယ်ဝတဲ့ အစားအစာတွေနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း စားသုံးပေးခြင်းဖြင့် ဆာလောင် တဲ့ ခံစားမှုကို မခံစားရစေဘဲ အဆီတွေ မြန်မြန်လျော့ကျဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး အဆိပ်အတောက်တွေကို ဖယ်ရှားစွန့်ပစ်ဖို့နဲ့ ရေဓာတ်မခမ်းခြောက်ဖို့အတွက်လည်း ရေများများသောက်သုံးပေးဖို့ လိုအပ်ပါတယ်။

ဒီ Diet မှာ အဓိကကျတဲ့ အချက်ကတော့ တစ်ရက်ကို ကယ်လိုရီ ၁ဝဝဝ သာ စားသုံးပေးရမှာ ဖြစ်ပါတယ်။ ငှက်ပျောသီးနဲ့ နွားနို့သုံးကြိမ်အပါအဝင် အခြားသော ကျန််းမာရေးနဲ့ ညီညွတ်တဲ့အစားအစာေ တွကို စားသုံးပေးရမှာပါ။ နောက်ပြီး အဆီတွေမြန်မြန်ကျစေဖို့ ရေဓာတ်မခမ်းခြောက်ဖို့ကိုလည်း ထိန်းသိမ်းဖို့လည်း လိုအပ်ပါမယ်။

အခုဆိုရင် ထပ်ပြီး မေးစရာ မေးခွန်းက သစ်သီးတွေအများကြီး ရှိပါရက်နဲ့ ဘာကြောင့် ငှက်ပျောသီးဖြစ်ရတာလဲဆိုတာပါဘဲ။ အဲ့ဒီအတွက်လည်း အဖြေက အဆင်သင့်ရှိနေပါတယ်။

ငှက်ပျောသီး ပရိုတိန်းရဲ့ အကျိုးကျေးဇူးများ
အားလုံးသိထားကြပြီးတဲ့အတိုင်း ငှက်ပျောသီးဟာ အာဟာရဓာတ်မြင့်မားစွွာ ပါဝင်တဲ့ သစ်သီးဖြစ်တဲ့အပြင် ဗီတာမင်တွေ၊ အမျှင်ဓာတ်နဲ့ သတ္ထုဓာတ်တွေ အထူးသဖြင့် ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့ပိုတက်ဆီ ယမ်တို့လည်း ပါဝင်ပါတယ်။ (ငှက်ပျောသီးတစ်လုံးမှာ ပိုတက်ဆီယမ် ၄၂၂ မီလီဂရမ် ပါဝင်ပါတယ်) ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ကူညီပေးတဲ့ အမျှင်ဓာတ်ပါဝင်ပါတယ်။ (အမျှင်ဓာတ်ကတော့ ငှက်ပျောသီးတစ်လုံးမှာ ၃ ဂရမ် ပါဝင်နေပါတယ်) ဒါကြောင့် စိတ်ကျေနပ်မှုရရှိတဲ့ ခံစားချက်ကို ရရှိစေတဲ့အပြင် အချိန်အကြာကြီးလည်း ပြည့်တင်းတဲ့ ခံစားချက်ကို ရရှိစေမှာပါ။ ခြုံငုံပြီး ပြောရရင်တော့ ငှက်ပျောသီးတွေက အရသာရှိပြီး စားသုံးဖို့လည်း လွယ်ကူပါတယ်။

နို့ပရိုတိန်းရဲ့ အကျိုးကျေးဇူးများ
နို့က နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ မပါမဖြစ်သလောက်နီးပါး အရေးပါပါတယ်။ ကိုယ့်နိုင်ငံမှာတော့ အမြဲလိုလို မသောက်သုံးကြပေမဲ့ပေါ့နော်။ ကယ်လဆီယမ်ဓာတ်ကြွယ်ဝပြီး အရိုးနဲ့ ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေတဲ့ အသားဓာတ်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ အရိုးတွေရဲ့ သန်မာမှုကို ထိန်းသိမ်းပေးတဲ့အပြင် ကယ်လဆီယမ်က ဆဲလ်တွေရဲ့ ချိတ်ဆက်လုပ်ဆောင်မှု၊ ကယ်လဆီယမ်နဲ့ ဖော့စဖောရပ်(စ)ကို ထိန်းညှိပေးခြင်းနဲ့ ပရိုတိန်းရဲ့ ဆောင်ရွက်ချက်တွေကို ထိန်းချုပ်လုပ်ဆောင်တဲ့အပေါ်မှာလည်း အကူအညီဖြစ်စေပါတယ်။ မလိုင်အပြည့်ပါတဲ့ နို့က အဝလွန်ခြင်းကို အဓိက လျှော့ချဖို့ ကူညီပေးပါတယ်။ နို့က သွေးပေါင်ကျဆင်းစေဖို့ ကူညီပေးပြီး အင်ဆူလင် ထုတ်လုပ်ခြင်းကို ကန့်သတ်ပေးတဲ့အပြင် ဆဲလ်တွေရဲ့ ချိတ်ဆက်ဆောင်ရွက်မှုအပေါ် အကျိုးသက်ရောက်မှုရှိစေတဲ့ ROS ကိုလည်း ရှာဖွေပေးပါတယ်။ နို့က ဇီဝဖြစ်စဉ်တွေရဲ့ အရှိန်နှုန်းကိုလည်း တိုးတက်စေဖို့ ကူညီပေးပါတယ်။

အခုဆိုရင် ငှက်ပျောသီးနဲ့ နို့တို့ရဲ့ အကျိုးကျေးဇူးတွေကို သိသွားပြီဆိုတော့ သူတို့နှစ်ခုကို တွဲဖက်စားသုံးတဲ့အခါမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ဆက်ပြီးတော့ ပြောပြသွားပါမယ်။

ငှက်ပျောသီးနဲ့နို့တို့ကို ပေါင်းစပ်စားသုံးခြင်းရဲ့ အကျိုးကျေးဇူးများ
ငှက်ပျောသီးနဲ့ နို့တို့ကို အတူပေါင်းစပ်လိုက်တဲ့အခါ ပရိုတိန်းတွေ၊ ဗီတာမင်တွေ၊ အမျှင်ဓာတ်နဲ့ သတ္ထုဓာတ်တွေကို ပမာဏအမြောက်အများ ထုတ်ပေးနိုင်ပါတယ်။ အဲ့ဒီနှစ်ခုပေါင်းစပ်ခြင်းကနေရရှိတဲ့ အာဟာရတွေက ခန္ဓာကိုယ်အတွက် ၃-၄ ရက်စာအတွက် လုံလောက်တဲ့ စွမ်းအင်ပမာဏကို ထောက်ပံ့ပေးနိုင်ပါတယ်။

ဒါကြောင့် အခုဖော်ပြပေးသွားမယ့် ၃ – ၄ ရက်သာ လိုက်နာ လုပ်ဆောင်ရတဲ့ ငှက်ပျောသီးနဲ့ နို့ Diet ကို လုပ်ဆောင်မယ်ဆိုရင် သိပ်အများကြီးတော့ ထိခိုက်စရာ ရှိမယ်မထင်ပါဘူး။ နောက်ပြီး ဒီလိုလုပ်ဖို့ဆိုရင်တော့ အောက်မှာ ဆက်ပြီး ဖော်ပြပေးသွားမယ့် ငှက်ပျောသီးနဲ့ နွားနို့ Diet အစီအစဉ်ကို ဖတ်ကြည့်ပါဦးနော်။

ငှက်ပျောသီးနဲ့ နို့ နမူနာ Diet
နံနက်စောစော ၆ နာရီမှ ၇ နာရီခွဲအတွင်း – ပဲနံ့သာစေ့ ၂ ဇွန်းကို ညဘက်ကတည်းက ရေစိမ်ထားတဲ့ ရေတစ်ဖန်ခွက်ကို သောက်သုံးပေးပါ။
နံနက်စာ ၇ နာရီ မှ ၈ နာရီခွဲအတွင်း – မလိုင်အပြည့်ပါဝင်သော နို့တစ်ခွက်၊ ငှက်ပျောသီး တစ်လုံး၊ ကြက်ဥပြုတ် ၁ လုံးကို စားသုံးပေးရပါမယ်။
နံနက် ၁ဝ နာရီမှ ၁၁ နာရီအတွင်း – လက်ဖက်ရည် တစ်ခွက်နဲ့ ဗာဒံစေ့ ၂ စေ့
နေ့လယ် ၁၂ နာရီခွဲမှ ၁ နာရီခွဲအတွင်း – မလိုင်အပြည့်ပါတဲ့ နို့တစ်ခွက်နဲ့ ငှက်ပျောသီးတစ်လုံး
ညနေ ၄ နာရီမှ ၄ နာရီခွဲအတွင်း – လတ်လတ်ဆတ်ဆတ် ကြိတ်ခြေထားတဲ့ သစ်သီးဖျော်ရည်တစ်ခွက် ဒါမှမဟုတ် အုန်းရည်တစ်ခွက်
ည ၇ နာရီမှ ၇ နာရီခွဲအတွင်း – ကင်ထားတဲ့ ဟင်းသီးဟင်းရွက် ဒါမှမဟုတ် ဆီနည်းနည်းနဲ့ မြန်မြန်ကြော်ထားတဲ့ ဟင်းသီးဟင်းရွက် တစ်ပန်းကန်၊ ငှက်ပျောသီးတစ်လုံး နဲ့ နို့နွေးနွေးတစ် ခွက်တို့ကို အချိန်စာရင်းအတိုင်း စနစ်တကျ စားသုံးပေးရုံပါဘဲ။

ဖော်ပြခဲ့တဲ့ Diet အချိန်ဇယားက ဘယ်လိုအလုပ်လုပ်လဲဆိုတော့
ပဲနံ့သာစေ့က ဇီဝတွင်းဖြစ်ပျက်မှုတွေကို မြှင့်တင်ပေးဖို့ အကူအညီဖြစ်စေပြီး နံနက်စောစောမှ ပထမဆုံး ရေသောက်ပေးခြင်းက ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားဖို့ ကူညီပေးပါလိမ့်မယ်။ နို့၊ ငှက်ပျောသီးတို့နဲ့ တွဲဖက်စားသုံးတဲ့ ကြက်ဥပြုတ်ကတော့ ဆာလောင်မှု အပြင်းအထန် မခံစားရစေဖို့ ကူညီထိန်းညှိပေးမှာဖြစ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်ကိုလည်း ပေးပါလိမ့်မယ်။ လက်ဖက်စိမ်းရည် ဒါမှမဟုတ် လက်ဖက်ရည်ကြမ်းက လွတ်ထွက်လာတဲ့ အောက်ဆီဂျင် ရက်ဒီကယ်တွေကို ဆယ်ယူဖို့ ကူညီပေးပြီး အစာစားချင်စိတ်ကိုလည်း ထိန်းချုပ်ပေးပါတယ်။ ဗာဒံစေ့ကတော့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီတွေ ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။ နေ့လယ်စာအတွက် ငှက်ပျောသီးတစ်လုံး နဲ့ နွားနို့တစ်ခွက်ကတော့ ကယ်လိုရီတွေ အများကြီး စားသုံးမိခြင်းကနေ ထိန်းချုပ်ပေးဖို့ပါဘဲ။ လတ်လတ်ဆတ်ဆတ် ကြိတ််ခြေထားတဲ့ သစ်သီးဖျော်ရည်ကို သောက်သုံးပေးတဲ့အခါ ခန္ဓာကိုယ်အတွက် ဗီတာမင်တွေ၊ သတ္ထုဓာတ်တွေနဲ့ အမျှင်ဓာတ်တွေကို ထုတ်ပေးပါတယ်။ အုန်းရည်ကိုသောက်ဖို့ ရွေးချယ်တယ်ဆိုရင်တော့ ရေဓာတ်ခမ်းခြောက်တာမျိုး မဖြစ်စေတဲ့အပြင် အဆိပ်အတောက်တွေ ကိုလည်း ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ ညစာ အတွက် နို့၊ ငှက်ပျောသီးတို့နဲ့အတူ ဟင်းသီးဟင်းရွက်ကင် တစ်ပန်းကန်လောက် စားပေးလိုက်မယ်ဆိုရင် အစာစားပြီး မကြာခင်မှာ ဆာလောင် မှုကို ခံစားရတာမျိုးမဖြစ်စေတော့ဘဲ ညနက်ပိုင်းမှာ အစားအစာတွေကို ဆာလောင်တောင့်တတာမျိုး မဖြစ်စေတော့ပါဘူး။

ငှက်ပျောသီးနဲ့နို့ Diet က အမှန်တကယ် အလုပ်ဖြစ်စေဖို့ တချို့အချက်တွေကို ဆက်ပြီး ပြောပြပေးဖို့ ရှိနေပါသေးတယ်။ အဲ့ဒါတွေကတော့-

အစားအစာတွေကို စနစ်တကျ စားသုံးပေးရမယ့်အပြင် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။ ကယ်လိုရီနည်းပါးတဲ့ အစားအစာတွေကို စားသုံးတာကြောင့်မို့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ ဒါမှမဟုတ် အလေးမတာတွေလိုမျိုးကို မရွေးချယ်သင့်ပါဘူး။ ယောဂနဲ့ တရားထိုင်တာမျိုးတို့ကိုတော့ လုပ်နိုင်ပါတယ်။

ဖြူဆွတ်အောင် ချွတ်ထားတဲ့ သကြား၊ ဂက်(စ) ပါတဲ့ ဖျော်ရည်၊ အသင့်စား အစားအစာနဲ့ ဖျော်ရည်တွေ၊ ဆီကြော်စာတွေနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သွားရည်စာတွေကိုလည်း ရှောင်ရှား ရပါမယ်။ ငှက်ပျောသီးနဲ့ နို့ကို သီးခြားစီ စားရတာ ငြီးငွေ့လာပြီဆိုရင် ငှက်ပျောသီးနဲ့ နို့ ရောဖျော်ပြီး စမုသီလုပ်လို့ရပါတယ်။
တစ်နေ့ကို ရေ ၃ လီတာ အနည်းဆုံး သောက်သုံးပေးသင့်ပါတယ်။
၇ နာရီကနေ ၈ နာရီအတွင်း အပြည့်အဝ အိပ်စက်ပေးပါ။
ကိုယ်အလေးချိန်နဲ့ ပတ်သက်လို့ အများကြီး သောကမရောက်ဘဲနေပေးပါ။
အားနည်းလာတယ်လို့ ခံစားရတဲ့အခါမှာ လိုက်နာဆောင်ရွက်နေတဲ့ Diet ကို ချက်ချင်းရပ်ပြီး ဆရာဝန်နဲ့ သွားရောက်တိုင်ပင်သင့်ပါတယ်။

Diet လုပ်ပြီး ၄ ရက်မြောက်တဲ့နောက် ပိုင်းမှာလည်း ကိုယ်အလေးချိန် ပြန်မတိုးလာစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေနဲ့ လေ့ကျင့်ခန်းတွေကို ဆက်လက်လုပ်ဆောင်ပေးသင့်ပါတယ်။

ငှက်ပျောသီးနဲ့ နို့ Diet ကို အလျင်အမြန် ကိုယ်အလေးချိန် ကျဆင်းလိုတဲ့ လူတိုင်း လိုက်ပါ လုပ်ဆောင်လို့ရပါတယ်။ ဒါပေမဲ့ အဲ့ဒါကို မလုပ် ဆောင်ခင်မှာ သတိပြုသင့်တဲ့အချက်တွေလည်း ရှိပါသေးတယ်။

Diet လုပ်ဆောင်နေတဲ့ အချိန်အတွင်း အစပိုင်းမှာတော့ ကယ်လိုရီလျော့ချလိုက်တာကြောင့် အနည်းငယ် အားနည်းနေသလိုတော့ ခံစားရပါလိမ့်မယ်။ အားနည်းသလိုဖြစ်နေတာကို ဖြေရှင်းရ တာတော့ သိပ်ပြီးမခက်ခဲပါဘူး။ ဒါပေမဲ့ ခက်ခဲ
တယ်လို့ ထင်ရတဲ့အခါမှာ တစ်ရက်ကို ထမင်းတစ် နပ်လောက်တော့ စားလို့ရပါတယ်။

အမျိုးသမီးတွေ အနေနဲ့ ရာသီစက်ဝန်းနဲ့ တိုက်ဆိုင်နေတဲ့အခါမှာ ငှက်ပျောသီး Diet ကို မလုပ်သင့်ပါဘူး။ ဒီရဲ့ Diet က ရာသီစက်ဝန်း ကာလအတွင်းမှာ စုပ်ယူသုံးစွဲဖို့ အဓိကလိုအပ်တဲ့ သံဓာတ်၊ ဇင့်၊ ကော့ပါးနဲ့ အခြားသော ဗီတာမင် တွေ နည်းပါးစွာ ပါဝင်တာကြောင့်ပါ။ ဒါပေမဲ့ ရာသီစက်ဝန်းနဲ့ တိုက်ဆိုင်ပြီး ငှက်ပျောသီးနဲ့နို့ Diet ကို လိုက်နာလုပ်ဆောင်ခဲ့မယ်ဆိုရင်လည်း ဖြည့်စွက်စာတွေ စားသုံးပေးဖို့ လိုအပ်ပါတယ်။

ခန္ဓာကိုယ်အတွက် အဓိကလိုအပ်တဲ့ အချို့သော ပါဝင်ပစ္စည်းတွေ မရရှိနိုင်တော့တာကြောင့် ငှက်ပျောသီးနဲ့ နို့ Diet အစီအစဉ်ကို ၄ ရက်ထက် ပိုပြီးတော့ မလုပ်ဆောင်သင့်ပါဘူး။ ၄ ရက်လောက်သာ လိုက်နာ လုပ်ဆောင်မယ်ဆိုရင်တော့ ၄ ကီလိုဂရမ်လောက်ကို အလွယ်တကူ ကျဆင်းစေပါလိမ့်မယ်။ ကိုယ်အလေးချိန် ကျဆင်းလိုတယ်ဆိုရင် တစ်ပတ်လောက် Diet လုပ်ပြီးရင် တစ်ပတ်လောက် နားသင့်ပါတယ်။

ဒီအချက်တွေကို သေချာမှတ်သားမိသွားပြီဆိုရင်တော့ အဆီပိုတွေကို အောင်မြင်စွာ ဖယ် ရှားနိုင်ဖို့အတွက် ငှက်ပျောသီးနဲ့ နွားနို့ Diet ကို စမ်းသပ်ကြည့်သင့်ပါတယ်။ ငှက်ပျောသီးနဲ့ နို့ နှစ်ခုလုံးက ကျန်းမာရေးနဲ့ ညီညွှတ်တာကြောင့် တက်ရောက်ဖို့ လိုအပ်တဲ့ ပွဲအတွက်် အချိန််မီ ဝိတ်ချလို့ရတာပေါ့။ ဒီနေ့ကနေ စလိုက်တာနဲ့ နောက် ၃ ရက်ဆိုရင် ရလဒ်ကို သိရပြီပေါ့နော်။
10 Amazing Benefits of The Banana and The Milk Diet
By: Amanpreet, Chanrushila Biswas

LEAVE A REPLY

Please enter your comment!
Please enter your name here