ကွမ်းစားကြသူများ

‘မိတ်ဆွေ၊ ကွမ်းဈေးတွေ မြင့်နေသဖြင့် အကြွေးယူခြင်း သည်းခံပါ’

ကျွန်မသွားရင်းလာရင်းနှင့် အမှတ်မထင်မြင်မိသည့် လမ်း ဘေးကွမ်းယာဆိုင်လေးတစ်ဆိုင် တွင် ရေးသားထားသော စာ ကြောင်းလေးဖြစ်သည်။ ကုန်ဈေး နှုန်းတွေ ကြီးမြင့်နေတော့ ကွမ်း ယာသည်တွေလည်း အရင်းများ လာကြပြီး အရင်လိုအကြွေး မရောင်းနိုင်ကြတော့ဘူးပေါ့လေ ဟု တွေးမိကာ ကွမ်းစားသူများ၊ ကွမ်းယာရောင်းသူများနှင့် ကွမ်း ယာကိစ္စက ခေါင်းထဲရောက်လာ တော့သည်။

ကျွန်မတို့ မြန်မာလူမျိုးများ ကွမ်းယာနှင့်ပတ်သက်ပြီး ပြော လေ့ပြောထရှိသည့် စကားတစ်ခွန်းရှိပါသည်။ ‘ကွမ်းစားဆေးသောက်ကျပျောက်သလောက်ပဲ ရှိပါတယ်’ ဆိုသည့်စကားပင်။ ထိုစကားလေးက ငွေကြေးနှင့် ပတ်သက်လျှင် မနှမြော၊ မတွန့်တိုတတ်သော မြန်မာလူမျိုးတို့၏ စရိုက်လက္ခဏာကို ပေါ်လွင်စေပါ သည်။ ငွေကြေးအစွန်းထွက် ကလေးများကို တစ်ဦးနှင့်တစ်ဦး သာတယ်၊ နာတယ်မထင်ဘဲ နေ ပါစေတော့၊ ပေးမနေပါနဲ့ဟူ၍ ကပ်စေးနှဲခြင်းကင်းစွာ ရက်ရော တတ်ကြရာ၌ ကွမ်းစားဆေး သောက်ကျပျောက်သလောက်ပဲ ရှိပါတယ်ဟု ဆိုတတ်ကြပါသည်။

ကျွန်မတို့ လူမျိုးများသည် ကွမ်းစားခြင်း၊ ဆေးလိပ်သောက် ခြင်းအမှုကိစ္စတို့ကို လွယ်လင့် တကူ ပြုမူနိုင်ကြသဖြင့် လွယ် လွယ်ကူကူပင် သုံးစွဲကြပါသည်။ ကွမ်းယာ၊ ဆေးလိပ်တို့ကို ပေါ ပေါများများရရှိနိုင်သည့်အတွက် အပျင်းပြေသဘော၊ စမ်းသပ် သည့်သဘော၊ ဇိမ်ခံသည့်သဘောစသည်ဖြင့် ပေါပေါများများသုံးစွဲ လာရာမှ စွဲစွဲလမ်းလမ်းဖြစ်လာ ကြတော့သည်။ ကွမ်းစားဆေး သောက်ကြခြင်းသည် ငွေကြေးအ စွန်းထွက်လောက်သာ ကုန်ကျကြ သဖြင့် အရေးမကြီးသော ခပ်ပေါ့ ပေါ့ကိစ္စပင်ဖြစ်သည်။

သို့သော် ယနေ့ခေတ်လို ကုန်ဈေးနှုန်းတွေက ဘက်ပေါင်း စုံ ကြီးမြင့်နေကြသော အချိန်အခါ တွင် ကွမ်းစားဆေးသောက်ကြ ခြင်းသည် ပေါ့သေးသေးကိစ္စ မဟုတ်ကြတော့။ တစ်ချိန်က ပေါ ပေါလောလောရနေသော ကွမ်း ယာသည် ယခုတော့ ပေါပေါ လောလောမရကြတော့။ အရင် က တစ်ရာဖိုးလေးယာ၊ ငါးယာ ရနေသော ကွမ်းယာသည် ယခု တော့ သုံးယာလောက်သာရကြ တော့သည်။ နိုင်တီတူး၊ စင်က နယ် စသည့်ဆေးများနှင့်ဆိုလျှင် ကွမ်းယာက ဈေးပိုပေးရသည်။ အမြဲတမ်းလိုလို ကွမ်းဝါးနေတတ် သော၊ အိပ်ချိန်နှင့် ထမင်းစားချိန် မှလွဲ၍ ကျန်သည့်အချိန်များတွင် ပါးစပ်ထဲ ကွမ်းထည့်နေတတ် သော သူတွေအတွက် ကွမ်းယာ ဖိုးက နည်းနည်းနောနောမဟုတ် တော့။ ပေါ့သေးသေးကိစ္စမဟုတ် ကြတော့ပေ။ သူတို့၏ မိသားစု စားဝတ်နေရေးကိုပါ ထိခိုက်စေ တော့သည်။

မြန်မာပြည်တွင် ကွမ်းစား ကြသည့် လူဦးရေက ကြောက် ခမန်းလိလိများပြားလွန်းသည်ဟု ဆိုရပါမည်။ ကွမ်းစားခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို မည်မျှပင်သိသိ၊ ကွမ်းစားကြ သည့် ရာခိုင်နှုန်းကတော့ လျော့ သွားသည်ဟူ၍မရှိ။ ကွမ်းဖြတ်နိုင် သည်၊ ကွမ်းပြတ်သွားပြီဆိုသည့် လူအရေအတွက်ထက် ကွမ်းကို မဖြတ်နိုင်၊ ဖြတ်လို့မပြတ်ဘူး၊ ဖြတ်လို့မရဘူးဆိုသည့် လူအရေ အတွက်က ပို၍များနေပါသည်။

ကျွန်မတို့နိုင်ငံသည် ကွမ်း ယာကို မက်မက်စက်စက်၊ မြိန် ရေယှက်ရေ စားသုံးနေကြပြီး မက်မက်စက်စက် မြိန်ရေယှက် ရေ ရောင်းချနေကြသော နိုင်ငံဖြစ်နေသည်မှာ ကြာပါပြီ။ နိုင်ငံသား တွေ ကွမ်းစားကြခြင်းသည် မိရိုး ဖလာ ထုံးတမ်းစဉ်လာတစ်ရပ် ပင်။ သို့သော် မိရိုးဖလာအစဉ်အ လာရှိသည့်တိုင် ရှေးကချမှတ် ထားခဲ့သည့်၊ ဘိုးတော်ဘုရား လက်ထက်က ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများကို ဖယ် ရှားသင့်လျှင် ဖယ်ရှားသကဲ့သို့ပင် မိရိုး ဖလာအစဉ်အလာမျိုးများကို လည်း ကျိုးကြောင်းဆင်ခြင်ဉာဏ် ဖြင့် စဉ်းစားဆုံးဖြတ်ကြရပါမည်။ မည်သည့်အစဉ်အလာ၊ မည်သည့်ဥပဒေပင်ဖြစ်စေ မျက်စိစုံမှိတ်နာ ခံခြင်းထက် အကျိုး၊ အပြစ်ကို မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ခြင်း ဖြင့် ပယ်သင့်သည်ကိုပယ်၊ ယူ သင့်သည်ကို ယူရမည်သာ။

ကွမ်းယာစားနေကြသူများ သည် အဘယ်အတွက်ကြောင့် စားနေကြသနည်း။ ရောင်းသူရှိ၍ စားနေကြသလား။ စားသူရှိ၍ ရောင်းနေကြသလား။ နှစ်ဦးနှစ် ဖက် အကျိုးပြုနေကြတာလား။ အကျိုးတစ်စုံတစ်ရာရှိသည်ဆို လျှင် ထိုအကျိုးသည် စားသုံးသူ ထက် ရောင်းချသူက ပို၍အကျိုး ဖြစ်မည်မှာ သေချာပါသည်။ ရောင်းချသူဘက်ကတော့ ရှင်း သည်။ သူ့အတွက် အကျိုးအမြတ် ရ၍ ရောင်းခြင်းဖြစ်သည်။ စား သုံးသူဘက်ကတော့ အကျိုးရှိတာ က နည်းနည်း၊ ဆိုးကျိုးက များ မျရှိမည့်ကိစ္စဖြစ်သည်။ နည်းနည်း ပါးပါးစားတတ်သူတွေအဖို့ ကိစ္စ မရှိပေမယ့် မစားရမနေနိုင် လောက်အောင် စွဲလမ်းနေကြသူ တွေအတွက်က ပြဿနာရှိနေပြီ။ ငွေကြေးပြဿနာထက် အရေး ကြီးသည်က ကျန်းမာရေးပြဿ နာပင်။ မိမိ၏ အသက်အန္တရာယ် ကို တဖြည်းဖြည်းနှင့် ခြိမ်းခြောက် နေသည့် ပြဿနာပင်ဖြစ်သည်။ ကွမ်းစားခြင်းကြောင့် လျှာကင် ဆာ၊ ပါးစောင်ကင်ဆာဖြစ်မှာ တွေကို အသာထားလို့ အရင်ဦး ဆုံးဖြစ်ကြမည်က သွေးပေါင်ကျ ခြင်းပင်။ ကွမ်းတံတွေးထွေးရခြင်း ကြောင့် သွေးပေါင်ကျလာမှာဖြစ် သည်။

ရှေးရှေးက လူကြီးတွေ ကွမ်းစားကြသည်မှာ ကွမ်း၊ ကွမ်းသီး၊ ထုံး၊ ဆေးရွက်ကြီးတို့သာ ပါဝင်သည်။ အိမ်တိုင်းလိုလိုမှာ ရှိကြ သည့်၊ ဧည့်သည်လာလျှင် ဧည့်ခံ တတ်ကြသည့် ကွမ်းအစ်ထဲတွင် လည်း ၎င်းပစ္စည်းတွေသာရှိတတ် ကြသည်။ အခုခေတ် အခေါ်အ ဝေါ်နှင့်ဆိုလျှင် ထုံးဖြူဗမာဆေး ဟုဆိုကြမည်ထင်သည်။ သည့် နောက်ပိုင်း ကွမ်းယာဆိုင်တွေမှာ ၎င်းပစ္စည်းများအပြင် စမုန်စပါး၊ ဖာလာ၊ လေးညှင်း၊ နာနတ်ပွင့်၊ အမွှေးဆီနှင့် အုန်းသီးယိုကလေး များလည်း ပါလာသည်။

အခုခေတ်မှာ ကွမ်းစားနေ ကြသူများက ဆေးမျိုးစုံနှင့် ဖြစ် သည်။ နိုင်တီတူး၊ စင်ကနယ် စသော အိန္ဒိယမှလာသော ဆေး များနှင့် စားသုံးနေကြသည်က ပို၍များနေပါပြီ။ ဆေးရွက်ကြီး ထက် ပို၍ယစ်မူးစေသော၊ ပို၍ စွဲလမ်းစေသောအရာများလား တော့ မသိနိုင်ပါ။

လူ့သဘာဝကိုက မကောင်း သည့်ဘက်တွင် ပို၍မွေ့လျော် တတ်သည့်သဘောရှိတတ်ပေရာ ကွမ်းစားခြင်းဖြင့် ရရှိမည့် အဆိုး အပြစ်များကို သိသိကြီးနှင့် ဆက် ၍ မြိန်ရေယှက်ရေစားနေကြသည် မှာ သဘာဝတော့ကျပါသည်။ အံ့ဩထူးဆန်းစရာကိစ္စတော့ မဟုတ်ပါ။ လူတိုင်းက ကိုယ့်အ ကြိုက်နှင့် ကိုယ်ရှင်သန်ခွင့်ရှိလေ တော့၊ ကွမ်းမစားရ၊ ဆေးလိပ် မသောက်ရ၊ အရက်မသောက်ရ တားမြစ်နေခြင်းသည် တားမြစ်သူ ၏ အလွန်လိုလိုဖြစ်သွားပြီး သူ့ ကိစ္စကို ကိုယ်ကစွက်ဖက်သည့် သဘော သက်ရောက်သွားပါသည်။

ဤနေရာတွင် ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရဟုဆို လျှင် အခြားနေရာသို့ သွားပြီးစား ကြ၊ သောက်ကြတော့သည်သာ။

ကွမ်းစားကြသူများသည် လူ တန်းစားပေါင်းစုံ၊ ဆင်းရဲချမ်းသာ မရွေး၊ ပညာတတ်အသိုင်းအဝိုင်း တွေပါမကျန် ကွမ်းစားကြသည်။ သို့သော် ကျွန်မမြင်တွေ့ရ သလောက် ပတ်ဝန်းကျင်တွင် တော့ ချမ်းသာသူတွေထက် ဆင်း ရဲသူများက ပို၍ကွမ်းစားကြသည်။ ကျွန်မတွေးမိသည်မှာ ဘာကြောင့်များ ဆင်းရဲသူတွေက ချမ်းသာသူ တွေထက် ပိုပြီးကွမ်းစားနေကြ တာလဲ၊ အချိန်ရှိသရွေ့ ကွမ်းပဲ ပါးစပ်ထည့်ထည့်နေကြတာလဲ ဆိုတာပင်ဖြစ်သည်။ ဆင်းရဲသူ များသည် အခြားစားကောင်း သောက်ဖွယ် မုန့်ပဲသရေစာများ ကို စားဖို့လက်လှမ်းမမီလို့များ လက်လှမ်းမီသည့် ကွမ်းယာကိုပဲ အာသာပြေသဘော တစိုက်မတ် မတ် စားနေကြသလားဟု တွေး ဆမိပါသည်။ ကျွန်မ၏ တွေးဆ ချက်မှန်ချင်လည်း မှန်မည်၊ မှား ချင်လည်း မှားနိုင်ပါသည်။ အချို့ က ကွမ်းယာ၏ အရသာကို နှစ် နှစ်ခြိုက်ခြိုက် ကြိုက်ကြတာ လည်းရှိကြသေးသည်လေ။

မည်သို့ပင်ဖြစ်စေ နေရာ တိုင်းမှာ၊ ရပ်ကွက်တိုင်းမှာ၊ ကျေးရွာတိုင်းမှာတော့ ကွမ်းယာဆိုင် ကလေးတွေက မြိုင်မြိုင်ဆိုင်ဆိုင် နှင့် အရောင်းအဝယ်ဖြစ်နေကြ သည်မှာ အမှန်ပင်။ ဆိုင်အရေအ တွက်က လျော့သွားသည်ဟူမ၍ မရှိဘဲ ကြာလာလေ တိုးလာလေ ဖြစ်နေကြသည်မှာ နေရာတိုင်း လိုလိုမှာ တွေ့မြင်နေရပါသည်။ မြန်မာပြည်မှာ ကွမ်းယာပပျောက် ရေး၊ ကွမ်းယာကင်းစင်ရေးဆို သည့် အဖြစ်ကတော့ ဒီလိုပုံမျိုး နှင့်ဆိုလျှင် မိုးသာစုံးစုံးချုပ်သွား မည်။

ဤခရီးဝေးပါသေးသည်ဟု သာ တွေးမိရင်း…. အမှတ်မထင်သီချင်းလေး တစ်ပိုင်းတစ်စက ခေါင်းထဲအလိုလို ရောက်လာပါ တော့သည်။

××× စားမှာပဲ××× စားမှာပဲ××× ငါ့ကိုလာမတားနဲ့×××။ ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

===========

By ခွန်းဆင့်သူသူ

LEAVE A REPLY

Please enter your comment!
Please enter your name here