ကဗျာဆရာ အောင်ချိမ့်ကို ၁၉၄၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ယနေ့ မြန်မာနိုင်ငံရဲ့ ကြီးကျယ်ခမ်းနားတဲ့ သက်ရှိကဗျာဆရာလို့ အသိအမှတ်ပြုကြပါတယ်။

အောင်ချိမ့်ဟာ သုခမိန်လှိုင်(သိဒတ္တလှိုင်)၊ မောင်ချောနွယ်၊ ဖော်ဝေး အပါအဝင် အခြားသော ကဗျာ ဆရာများနဲ့ အတူ ရှေးဆန်တဲ့ ကာရန်ပါ အရေးအဖွဲ့များမှ ပိုမိုလွတ်လပ်တဲ့ ခေတ်ပေါ် မြန်မာကဗျာ အရွေ့ကို ဦးဆောင်ခဲ့သူတဦးဖြစ်ပါ တယ်။

အဲဒီ လွတ်လပ်မှုကို အောင်ချိမ့်ရဲ့ ကဗျာများထဲမှာ ထိတွေ့ခံစားနိုင်ပြီး၊ သူဟာ အနုပညာနဲ့ ပတ်သက် လာရင် အဆုံးစွန် အထိ လွတ်လပ်လိုစိတ်ရှိသူ၊ အနုပညာကို ဘာနဲ့ မှ မလဲနိုင်သူ ဖြစ်ပါတယ်။ သူ့ကို မြန်မာကဗျာလောကရဲ့ မာလွန်ဘရန် ဒို၊ ဂျိမ်းစ်ဒင်း လို့လည်း တင်စားကြပေမယ့် လုံလောက်ခြင်း မရှိပါ။

ကဗျာနဲ့ ပတ်သက်ရင် တော်လှန်ပုန်ကန်လိုစိတ် အမြဲရှိသူဖြစ်တဲ့အတွက် သူ့ရဲ့ ပြင်းရှတဲ့ ကဗျာတွေ ထဲမှာ မရိုးဖြောင်တာ သရဲဘောကြောင်တာတွေကို တွေ့ရမည်မဟုတ်ပါ။ အောင်ချိမ့်ဟာ မြန်မာကဗျာ ဆရာများ အားလုံးက အတုယူ အားကျရ တဲ့ ကဗျာဆရာတဦးဖြစ်ပြီး သင်သာ သူနဲ့ ဆုံခွင့်ရမယ် ဆိုရင် အဘယ်ကြောင့် အတုယူအားကျရတယ်ဆိုတာကို ချက်ချင်း သဘောပေါက်မှာ ဖြစ်ပါတယ်။

မေး။ ။ ခင်ဗျား ကဗျာကို ဘယ်လိုစပြီးရေးခဲ့လဲ။

ဖြေ။ ။ ကျနော်လူငယ်ဘဝတုန်းက ထောင် ၁၅လချခံရတယ်။ ၃လ တိုက်ပိတ်ခံရတယ်။ တိုက်ပိတ်ခံရ တုန်း စိတ်ကူးထဲမှာ ကဗျာတွေစရေးနေပြီ။ အဲ့ဒါက ကျနော်ကို ရှင်သန်နေဖို့ ကူညီ ပေးတယ်။ ကဗျာရေးခြင်းက စိတ်ကို ဖြန့်ကျက် ထားရသလို တည်ငြိမ်အောင်လည်းထားရတယ်။ ကျနော်တို့လက်တကမ်းရှိနေတဲ့ ဘယ်အရာနဲ့ပဲဖြစ်ဖြစ် ကဗျာရေးတယ်။ ပြီးရင် အလွတ်ကျက် ထားလိုက်တယ်။ သံတစ်ချောင်းရရင်လည်း အိပ်တဲ့ဖျာပေါ်မှာ ရေးခြစ်နေတာပဲ။

တခါတလေဆို ရေးထားတဲ့အရာတွေက မှိန်လွန်းတော့ အလင်းရောင်ရမှပဲ ကြည့်လို့ရတယ်။ ဒါမှမဟုတ်လည်း အုတ်တွေ ကြားထဲညပ်နေတဲ့ ကျောက်ခဲလေးတွေသုံးပြီး ကြမ်းပြင်ပေါ်မှာရေးတာပဲ။ ဒီလိုနည်းနဲ့ ကဗျာစရေးခဲ့တာပါ။

ကျနော်လွတ်လာတော့ ကိုယ့်ကိုကိုယ် စာအုပ်တွေ၊ စာရေးကိရိယာတွေအပြည့်ရှိတဲ့ အခန်းထဲ ပိတ်ပြီးနေတာပဲ။ အဲဒီ့အချိန်ကတည်းက စာရေးတာကို မရပ်ခဲ့တာ အခုတော့ အကျင့်ဖြစ်နေပါပြီ။

မေး။ ။ခင်ဗျား နိုင်ငံရေးလှုပ်ရှားမှုကြောင့် အသက် ၁၆နှစ်သားကတည်းက ထောင်ဒဏ် ၁နှစ်ခွဲကျခဲ့တာနော်။

ဖြေ။ ။အိမ်ခေါင်မိုးက မလုံရင်တော့ မိုးယိုမှာပဲ။ ကျနော် ကြံ့ကြံ့ခံခဲ့ရတာ အများကြီးပါပဲ။ အဲဒီ့အကြောင်း တွေကို ရေးမပြချင်ဘူး။

မေး။ ။ထောင်ကလွတ်လာပြီးနောက် ကျောင်းဆက်တက်သေးလား။

ဖြေ။ ။ ကျနော်ဘယ်တုန်းကမှ ကျောင်းပညာရေးကို စိတ်မဝင်စားခဲ့ဘူး။ အခုအချိန်ထိ ကျနော့် ဆီမှာ ဘွဲ့ လက်မှတ်ဆိုတာ မရှိဘူး။ ကိုယ့်ဟာကိုယ်ပဲ စာတွေ ကဗျာတွေ ဖတ်ခဲ့တာ။

ကျနော် နိုင်ငံရေးကို စိတ်ဝင်စားတယ်။ ၁၉၆၂ စစ်အစိုးရ အာဏာမသိမ်းခင်တုန်းကဆို ကျောင်းသား တွေဟာ သမဂ္ဂကို အလွယ်တကူဖွဲ့နိုင်တယ်။ ကျနော့်အချိန်တော်တော်များများလည်း အဲဒီလို လှုပ်ရှား မှုတွေနဲ့ ကုန်နေခဲ့တာ။ ကျောင်းလည်း ခဏခဏပြောင်းရတယ်။ ကျနော်ရော ကျွန်တော့်သူငယ်ချင်း တွေပါ တလကို ရက်၂၀လောက် ကျောင်းပျက်နေကြတာ။

ငယ်ငယ်လေးကတည်းက လောကရဲ့အရသာကို သိချင်ခဲ့တယ်။ ကျနေ်ာမှာ ပိုက်ဆံသိပ်မရှိဘူး။ ရှိသလောက်နဲ့ ရထား လက်မှတ်ဝယ်ပြီး မြို့ဆင်ခြေဖုံးနေရာတွေကို သွားတယ်။ အဲဒီ့နေရာက ဘဝတွေကို ခံစားကြည့်တယ်။ ကျနော်က ပျော်ရွှင် ခြင်းကိုပဲလိုချင်တာ။ ဒါပေမယ့် စစ်တပ်အာဏာ သိမ်းတော့ အရာအားလုံးက ကမောက်ကမတွေဖြစ်ကုန်ရော။ ကျနော့် သူငယ်ချင်းတွေလည်း ပျော်ရွှင် ခွင့်မရတော့ဘူး။ ကျနော်တို့ လက်ဖက်ရည်ဆိုင်မှာ ပျော်ရွှင်မှုကို ရှာရတယ်။ ညဘက်ဆို ဘုံဆိုင်မှာ ကဗျာအကြောင်း၊ နိုင်ငံရေးအကြောင်းပြောကြတယ်။ ကျနော်တို့မှာ ဘာအလုပ်မှမရှိဘူး။ အစိုးရဝန်ထမ်းတွေ မှာပဲ အလုပ်ရှိတယ်။

မေး။ ။ စာပေစိစစ်ရေးလက်အောက်မှာ ကဗျာရေးခဲ့တဲ့အကြောင်းလေး ပြောပါဦး။

ဖြေ။ ။ အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတာကိုက ကဗျာဖြစ်နေပြီ။

စာပေစိစစ်ရေးကို ဘယ်လိုလှည့်ပတ်မလဲလို့ စဉ်းစားနိုင်ရင် ခင်ဗျား ကဗျာဆရာကောင်းဖြစ်ပြီ။ ကျနော်တို့ တော်တော် များများက လိမ္မာပါးနပ်ပြီးသားပါ။ စာပေစိစစ်ရေးကို လှည့်ပတ်နိုင်ပါတယ်။

အဲဒီ့အချိန်ကတည်းက ကဗျာတွေကို တရားမဝင်ထုတ်ဝေခဲ့တယ်။ အစိုးရပြောချင်တာကို ရေးဖို့၊ အစိုးရရဲ့အလိုအတိုင်း လိုက်ဖို့ကတော့ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲဒီ့လိုရေးလို့ ဘာတန်ဖိုးရှိတာမှလည်း ဖန်တီးနိုင်မှာ မဟုတ်ဘူး။

ကျနော့်အတွက်တော့ နိုင်ငံရေးလှုပ်ရှားမှုဆိုတာ အစိုးရဘက်ကမဟုတ်ဘဲ အဖိနှိပ်ခံတွေဘက်ကနေ ရပ်တည်ခြင်းပါပဲ။

မေး။ ။စာပေစိစစ်ရေးမရှိတော့ဘူးဆိုတော့ အခုစာရေးရတာရော ဘယ်လိုနေလဲ။

ဖြေ။ ။ အခုကတော့ လွတ်လပ်သွားပါပြီ။ တားဆီးပိတ်ပင်မယ့်အရာတွေမရှိတော့ဘူး။ ခင်ဗျားဖန်တီးချင်တာ ကို ဖန်တီးလို့ရပြီ။ ပွင့်လင်းလွန်းလို့ ခင်ဗျားရဲ့ အနုပညာကို ဘယ်အချိန်မှာ ဘယ်လို ထိန်းချုပ်ရမယ်ဆိုတာတောင် မသိ နိုင်တော့ဘူး။ လူတိုင်းက စာကြောင်းလေး သုံး လေးကြောင်းလောက် ရေးလိုက်နိုင်ရင်ပဲ ကဗျာဆရာဖြစ်ပြီလို့ ထင်နေကြ တာ။

ခေတ်ကလည်း အပြောင်းအလဲကာလဆိုတော့ စာပေရေးသားခွင့်က ပိုလွတ်လပ်လာတယ်။ ဒါပေမယ့် အကျိုးဆက် အနေနဲ့ တာဝန်ခံမှုတော့ ပိုရှိလာတယ်။ ခင်ဗျားရဲ့ ကဗျာတွေ တိုးတက်နေဖို့လည်း ခင်ဗျားမှာ တာဝန်ရှိတယ်။

မေး။ ။ခင်ဗျား စာကို ဘယ်လိုရေးသလဲ။

ဖြေ။ ။အရင်တုန်းက စာကိုနေ့တိုင်းရေးတယ်။ ဘယ်အချိန်ကဗျာရေးမယ်ဆိုတာမျိုး အချိန်သတ်မှတ်လို့ မရ ဘူးလေ။ ခေါင်းထဲမှာ ရေးမယ့်အကြောင်းအရာပေါ်လာရင် ချက်ချင်းချရေး တယ်။ ကျွန်တော်က ကဗျာရေးဖို့ဆို အမြဲတမ်း အဆင်သင့်ဖြစ်နေတာ။ လက်ဖက်ရည်ဆိုင်လို နေရာ မျိုးကလွဲလို့ နေရာတော်တော်များများမှာ ကဗျာရေးနိုင်တယ်။ တခါတလေဆို ညတရေးနိုးမှာ တွေးမိတာတွေ ချရေးတတ်တယ်။

ထုတ်ဝေသူဆီ မပို့ခင် ကျနော့် ကဗျာတွေကို ပြန်ဖတ်တယ်။ အဲဒီ့ကနေ ကဗျာရေးနည်းကို ရှာတွေ့ နိုင်တယ်။ ကဗျာရေး နည်းကို စဉ်းစားနေလို့မရဘူး။ ရေးကြည့်မှရတာ။

မေး။ ။ခင်ဗျားက ကဗျာဆရာအဖြစ်ပဲ အသက်မွေးဝမ်းကျောင်းတာနော်။

ဖြေ – ကဗျာမရှိဘဲ ကျနော် မနေနိုင်ဘူး။ အသက်ရှုသလို ရေသောက်သလို ထမင်းစားသလိုပဲ ကဗျာက ကျနော်ရဲ့ အစိတ်အပိုင်းတခုပဲ။ ကဗျာရေးဖို့ တကူးတက ကြိုးစားမနေရဘူး။ ကဗျာတွေ ကသာ သူ့အလိုလို ကျနော် ခေါင်းထဲကို ရောက်လာတာ။

အဲ့ဒါက ကံဆိုးတာလား ကံကောင်းတာလားတော့မသိဘူး။ ကျနော့်ရဲ့ ကြမ္မာပဲ။ ကျနော်အရင်ဘဝက ကဗျာဆရာ ဖြစ်ခဲ့လိမ့်မယ်။ နောက်ဘဝလည်း ကဗျာဆရာပဲ ဖြစ်ချင်တယ်။

မေး – ဒီနေ့ခေတ် မျိုးဆက်သစ် ကဗျာဆရာတွေကို ဘာများပြောချင်လဲ။

ဖြေ – မင်းတို့ရဲ့ ကဗျာတွေ နေ့တိုင်းတိုးတက်နေရမယ်။ ရှိပြီးသားနဲ့ မကျေနပ်နဲ့။ မင်းတို့ ဖန်တီးထားတာထက် ပိုကောင်းတဲ့အရာတွေ ရှိနေသေးတယ်ဆိုတာ သိထားပါ။ ကဗျာတပုဒ်ပြီး တိုင်းမှာ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင် ကြိုးစားပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here