ဖာသည်အလိုရှိသည်

နန်းတော်ရှေ့မှာ သစ်သားပြားတစ်ချပ်ပေါ်မှာ ပေါ်ဦးက စာရေးပြီး ကပ်ထားတာကို ဘိုးတော်မင်း စိတ်ဝင်စား သွားတယ်။

“ဟဲ့ … ငပေါ်ဦး … မိုက်မိုက်ရိုင်းရိုင်း ငါ့နန်းတော်ရှေ့ ယုတ်မာတဲ့စကား ဘာကြောင့်များ ရေးထားသလဲ”

“မှန်လှပါ … ဘာကများ ယုတ်မာပါလိမ့်ဘုရား”

“ဖာသည်အလိုရှိတယ်ဆိုတဲ့စကား … ကြားလို့မှ တော်ရဲ့လားဟဲ့”

“အရှင်မင်းကြီးက ဘာလို့ထင်နေသလဲဘုရား”

“တယ်လေ … ငါမပြောချင်ဘူး။ ခု … ဖျက် … မြန်မြန်ဖျက်စေ”

“မှန်လှပါ ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ လှေနန်းယာဉ်တော်ကို ဖာဖို့ ဖာသည်တော်များကို ခေါ်နေခြင်း ဖြစ်ပါတယ်ဘုရား”

“အလို မောင်မင်း လှေဖာတဲ့သူခေါ်တာ ဒီလိုခေါ်ရသလား”ပြောနေချိန်မှာပဲ လူတစ်ယောက်ရောက်လာတယ်။

“အမတ်ကြီး ကျွန်တော်မျိုး အဖာတော်ပါဘုရား။ ဖာသည်လိုတယ်ကြားလို့ လာမြန်းပါတယ်ဘုရား”

“အေး … ကောင်းလေစွ။ ဖာသည်တို့ တပ်အပ်တဲ့ အတတ်ပညာ ဘယ်နှမျိုးရှိသလဲ”

“မှန်လှပါ ရှစ်မျိုးရှိကြောင်းပါဘုရား”

“အိမ်း တော်ပေစွ … ရွတ်ပြီး ရှင်းပြ။ ဒါမှလည်း အဖာတော်ခန့်မယ်”

“နားဆင်တော် မူပါဘုရား … ဖာသည်တော်တို့မည်သည် လူး၊ လှိမ့်၊ လွှဲ၊ လှန်၊ လှပ်၊ လှီး၊ ထိုး၊ ဖိ ဆိုတဲ့ ရှစ်ရပ်သောပညာ တတ်ကျွမ်းရပါတယ်ဘုရား”ဘုရင်လည်း စိတ်ဝင်စားသွားတယ်။

“အလို ထူးဆန်းလှပါလား။ ပေါ်ဦးရယ် နင်တို့ခေတ်ကျမှ ဖာသည်အတတ် ရှစ်ရပ်ဆိုတာ ကြားဖူးတော့တယ်။ ရှင်းစမ်းကွယ်”

“မှန်လှပါ။ လူးဆိုတာက ပွဲ့လျက်ကို ရေနံနဲ့ အတိုင်းအဆရှိရှိ လူးတတ်ရပါတယ်။ လှိမ့်ဆိုတာက သမအောင် သစ်သားပေါ် လှိမ့်တတ်ရပါတယ်။

လွှဲဆိုတာကတော့ ပျော့လာတဲ့ ပွဲ့လျက်ကို အားနဲ့ လွှဲထုတ်လိုက်လည်း ပြတ် တောက်သွားခြင်း မရှိရပါဘူး။ ပွဲ့လျက်ကို အထက်အောင် ဘယ်လောက်လှန်လှန် စေးကပ် မကျန်ခဲ့ရပါဘူး။

ဖာသည်တော်တွေဟာ လှေတော်က ပွဲ့လျက် အဟောင်းတွေကို ဓားနဲ့လှန်ရင် သစ်သားကို မထိခိုက်စေရဘူး။ ပွဲ့လျက် အဟောင်းတွေကိုလှပ်၊ ပွဲ့လျက်သစ်ကို အတိုင်းအဆနဲ့လှီး တစ်ဆက်တည်း၊ တစ်ကြောင်းတည်းဖြစ် အောင် လုပ်နိုင်ရပါတယ်။

ပွဲ့လျက်ကပ်ပြီးသား အဖောင်းတွေကို မီးပေးထားတဲ့ သံလျက်နဲ့ထိုး အသားသေ အောင် ဖိတဲ့နေရာမှာ ပွဲ့လျက်သားတွေ ကပ်ထားတယ်လို့ မထင်အောင် စွမ်းဆောင်နိုင်ရပါတယ်ဘုရား”

“ပေါ်ဦးရယ် … ကြားဖူးပါဘူး။ နင့်လက်ထက်ကျမှ ဖာသည်တော်ရယ်လို့ … တော်ရုံတန်ရုံပဲ လုပ်ပါကွယ်”

“ကိုင်း … မောင်မင်းကတော့ ဖာသည်တို့ တပ်အပ်တဲ့ ပညာ ရှစ်ရပ်သိတာလောက်နဲ့ပဲ ယနေ့ကစ နန်းတွင်းရဲ့ ဖာသည်တော်ဘဝရောက်စေ။ ဖာသည်တော်တို့ရဲ့ အခွင့်များ ခံစားစေ။အမိန့်တော်”

ပေါ်ဦးရဲ့ ဖာသည်တော်ခန့်ခန်း ဤတွင်ပြီး၏။

Credit ~ Tin Nyunt

LEAVE A REPLY

Please enter your comment!
Please enter your name here