အရှင်ဓမ္မပီယ (ဓမ္မာစရိယ)

သက်တော် (၂၄)နှစ်

ဝါတော် (၄)ဝါ

ကလောင်အမည် – သကျသွေး

(၁၈.၉.၂၀၀၃ ခုနှစ်တွင် ပျံလွန်တော်မူသည်။)

ကျောင်းဝန်းထောင့်ရှိ အုတ်ဂူဖြူဖြူလေးကို တွေ့လိုက်ရတော့ သူသည် ကြောက်လန့်စိတ် အလျဉ်းဖြစ်မသွားခဲ့ပါ။ တကယ်ဆို နေဝင်ခါစ သည်အချိန်လေးသည် ကြောက်လန့်စိတ်ဖြစ်ဖို့ အကောင်းဆုံးဖြစ်သည်။

သို့သော် သူကြောက်လန့်စိတ် ဖြစ်မသွားခဲ့ပါ။

ဂူမျက်နှာပြင်တွင် တွေ့လိုက်ရသော စာကြောင်းလေးများက ကြောက်လန့်စိတ်နေရာကို အစားထိုးဝင်သွားလေလားမသိ။ ပြီးတော့ အုတ်ဂူဖြူဖြူပေါ်တွင် “ဘဝဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏” ဟူသော စာသားလေးကိုလည်း တွေ့လိုက်ရပါသည်။ သူသည် ကြောက်လန့်စိတ်ထက် စိတ်ဝင်စားသည့်စိတ်က ပိုများသွားသည်။

သူသည် သည်မြို့ကလေးသို့ ညတရားဟောဖို့ နေ့လည်(၃)နာရီခွဲလောက်ကမှ ရောက်လာခဲ့ခြင်းဖြစ်သည်။ ပြီးတော့ သည်မြို့ကလေးသည် သူ့အတွက် ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းလည်း ဖြစ်သည်။။

တရားပွဲက ည(၇)နာရီမှ စမှဆိုတော့ အချိန်ရသေးသည်နှင့် ကျောင်းအောက်သို့ဆင်းခဲ့သည်။ လမ်းလျှောက်ရင်းဖြင့် သည်နေရာကလေးသို့ သူရောက်လာခဲ့ခြင်းဖြစ်သည်။

အသက်၂၄နှစ်ဆိုတာ လောကမှာနေလို့ အကောင်းဆုံးအရွယ်လေး။ ဘာဖြစ်လို့ပါလိမ့်။ ပြီးတော့ စာရေးတဲ့ဦးဇင်းလေးတဲ့။ ပြီးတော့ စာရေးသည်ဆိုတော့ သူ့အတွက်ပို၍ စိတ်ဝင်စားစရာဖြစ်သွားသည်။ ကို ‘သကျသွေး’ ဆိုသည့်ကလောင်နာမည်လေးကို မဂ္ဂဇင်းတချို့တွင် တစ်ပုဒ်စ၊ နှစ်ပုဒ်စတော့ တွေ့ဖူးသည်၊ များများတော့မတွေ့ဖူး။ သူမဖတ်ဖြစ်သည့် မဂ္ဂဇင်းများတွင် ရေးနေတာလည်းဖြစ်နိုင်သည်။

သူ့အသက်နှင့်တွက်လျှင် ဆယ်စုနှစ်တစ်စုငယ်သော ဦးဇင်းလေး။ စာပေလောကအတွက် ကလောင်တစ်ချောင်း ဆုံးရှုံးသွားသလို သာသနာအတွက်လည်း ရဟန်းတစ်ပါး ဆုံးရှုံးသွားခြင်းဖြစ်သည်။

ပျံလွန်တော်မူသည့် နေ့စွဲကိုကြည့်တော့ ဘာမျှမကြာသေး။ တစ်နှစ်ကျော်မျှသာ ရှိသေးသည်။ အုတ်ဂူလေးပင် သစ်သစ်လွင်လွင်ရှိနေဆဲ။ သူသည် ၂၄နှစ်အရွယ်တုန်းက စာတွေရေးနေခဲ့သည်။ ပြီးတော့ ဓမ္မာစရိယတန်းအတွက် စာတွေလည်းကျက်နေခဲ့သည်။ အုတ်ဂူထဲက ဦးဇင်းလေးလည်း သည်အတိုင်းသာ ဖြစ်နေလိမ့်မည်။

သူသည် ညနေခင်းများစွာကို ပုံစံမျိုးစုံဖြင့် ဖြတ်သန်းခဲ့ဖူးပါသည်။ အပြုံးနှင့်လည်း ဖြတ်သန်းဖူးသည်။ အမုန်းနှင့်လည်း ဖြတ်သန်းဖူးသည်။ အလွမ်းနှင့်လည်း ဖြတ်သန်းဖူးသည်။ အမောနှင့်လည်း ဖြတ်သန်းဖူးသည်။၊ အပျော် နှင့်လည်း ဖြတ်သန်းဖူးသည်။ ကြောက်လန့်စိတ်နှင့်လည်း ဖြတ်သန်းဖူးသည်။ သည်ညနေခင်းလေးကတော့ ကြောက်စိတ်နှင့် ဖြတ်သန်းနေတာ မဟုတ်တာတော့ သေချာပါသည်။

သူသည် ပင့်သက်ကိုရှိုက်ရင်း အုတ်ဂူနားဆီသို့တိုးသွားမိသည်။ အုတ်ဂူလေးကို လက်နှင့်ထိလိုက်တော့ ကြမ်းရှရှ အင်္ဂတေသားသည် သူ၏နှလုံးသားကို လာ၍ထိသယောင်၊ ထိလက်စလက်ကို ချက်ချင်းမရုပ်မိ။

ဘာဖြစ်လို့ ပျံလွန်တော်မူသွားပါလိမ့်…….. တစ်ခုခုများဖြစ်ခဲ့လို့လား…။

သူတွေးနေဆဲမှာပင် သူ့နောက်မှ ခြေသံသဲ့သဲ့ ကြားရသည်။ လှည့်ကြည့်လိုက်တော့ သည်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်၊ သက်တော်(၈၀)ခန့်ရှိပြီ ဖြစ်သော ဆရာတော်သည် တောင်ဝှေးကို အားပြုထားသည်။ မျက်မှန်ထူထူ၊ သင်္ကန်းအညိုရောင်ရင့်ရင့်နှင့် ဇရာ၏လက္ခဏာကို ပြနေသော်လည်း ဆရာတော်တစ်ပါးအဖြစ် ပို၍သပ္ပာယဖြစ်နေပါသည်။

ဆရာတော် သူ့အနားရောက်လာတော့ လက်အုပ်ချီပြီး အရိုအသေပေးလိုက်သည်။

‘ဦးဇင်းလေးက အုတ်ဂူလေးကို ကြည့်ပြီး စိတ်ဝင်စားနေပုံရတယ်’

‘မှန်ပါဘုရား’

‘ဒီအကြောင်းတွေကို တပည့်တောာ် ဘယ်သူ့မှလည်း ပြောပြ မနေချင်တော့ပါဘူး။ ပြောမပြမိအောင်လည်း သတိထားပါတယ်။ ဦးဇင်းလေးကတော့ စားလည်းရေး တရားလည်းဟောတော့ အများနဲ့ဆက်ဆံနေရတာဆိုတော့ နည်းနည်းလောက်တော့ ပြောပြချင်တယ်။ ပြီးတော့သူက ဦးဇင်းလေးလိုပဲ စာရေးတယ်၊ စာရေးဆရာသိပ်ဖြစ်ချင်တာ၊ မဂ္ဂဇင်းတွေမှာ ဆယ့်လေးငါးပုဒ်တော့ ပါဖူးတယ်’

‘ပြောပါဘုရား၊ ပြီးတော့ ဂူလေးကိုကြည့်ပြီး တပည့်တော်ကိုယ်တိုင်လည်း စိတ်ဝင်စားနေပါတယ်ဘုရား’

‘ဒီဦးဇင်းလေးက ဒီမြို့ကပဲ၊ မိဘတွေကလည်း အတော်အသင့်ချမ်းသာကြပါတယ်။ တပည့်တော်ပဲ အခြေခံစာတွေသင်ပေး၊ တပည့်တော်ပဲ မန္တလေးကစာသင်တိုက်ကို ကိုယ်တိုင်ပို့ပေးခဲ့ရတာ၊ ဟိုတစ်နှစ်ကပဲ ဓမ္မာစရိယတန်းမှာ သီလက္ခန်တစ်ကျမ်းအောင်လို့ဆိုပြီး သင်္ကန်းတစ်စုံ ဆုချလိုက်ရသေးတယ်။ လိုရင်းပြောရရင်တော့ ဦးဇင်းလေးရယ်၊ သူနေတဲ့စာသင်တိုက်မှာ ဦးဇင်းတစ်ပါးက သရီးရိုင်ဖယ်ဆိုတဲ့ သင်္ကန်းတစ်စုံပျောက်တယ်တဲ့၊ ပျောက်တဲ့ဦးဇင်းက တပည့်တော်ရဲ့တပည့်ဦးဇင်းလေးကို စွပ်စွဲတယ်ပေါ့လေ။ နောက်ဆုံးဘယ်အထိဖြစ်လာသလဲဆိုတော့ ကျန်တဲ့ဦးဇင်းတွေကပါ ယုံလာပြီး စကားတွေဘာတွေ မပြောကြတော့ဘူးတဲ့၊ ပိုဆိုးတာကတော့ ဆွမ်းအတူမစားကြတော့တာပဲ၊ သူများပစ္စည်းခိုးရင် ပါရာဇိကကံကျတာဆိုတော့ ပါရာဇိကကျတဲ့ ဦးဇင်းနဲ့ ဆွမ်းအတူမစားချင်ကြတဲ့ သဘောပေါ့လေ။

အားလုံးက ဝိုင်းကြဉ်ထားတော့ ဦးဇင်းလေးလည်း တော်တော်လေး အထီးကျန်လာပုံရတယ်။ နောက်တော့ သူကျောင်းထိုင်ဆရာတော်ကို သွားလျှောက်ပြလိုက်တယ်။ ဆရာတော်က ချက်ချင်းသံဃာကုန်ခေါ်ပြီး သြဝါဒပေးတယ်။ တပ်အပ်မမြင်ဘဲနဲ့ မစွပ်စွဲဖို့ပေါ့လေ။ သံဃာကြားထဲမှာ ဦးဇင်းလေးက လူးလှိမ့်ငိုနေတယ်တဲ့။ သူမဟုတ်တဲ့အကြောင်းလည်း ကျိန်ပြီးပြောတယ်တဲ့။ နောက်ဆုံးတော့ သူ့ဇာတိဖြစ်တဲ့ ဘုန်းကြီးရဲ့ဒီကျောင်းကိုပြန်ရောက်လာတော့တာပဲ။ သူရောက်တဲ့အချိန်က တပည့်တော် ဆွမ်းစားနေတဲ့အချိန် ၁၁နာရီလောက် ရှိပြီ။ ဒါနဲ့ တပည့်တော်ကလည်း “ဦးဇင်း တစ်ခါတည်း ဝင်ဘုဉ်းပေးလိုက်” လို့ပြောလိုက်တယ်။ ဒါပေမယ့် သူကဘာပြန်ပြောသလဲဆိုတော့ “ဆရာတော်လည်းတပည့်တော်ကို ယုံမှာမဟုတ်ပါဘူး။ တပည့်တော်ကို တစ်ပါးတည်းပဲပြင်ပေးပါတဲ့”။ တပည့်တော်ကလည်း “ဟဲ့…ဦးဇင်း၊ ဘာတွေပြောနေတာလဲ၊ လာ…တစ်ခါတည်း ဒီမှာ ဝင်ဘုဉ်းပေး။” လို့ထပ်ပြောပေမယ့် သူက အကြောက်အကန်ငြင်းနေတာနဲ့ နောက်ဆုံးတော့ သူစိတ်ချမ်းသာပါစေဆိုပြီး ပြင်ကျွေးခိုင်းလိုက်တယ်။ နောက်ရက်တွေမှာလည်း အဲဒီအတိုင်းပဲ တစ်ပါးတည်းပဲ စားတယ်။ ဘယ်သူနဲ့မှလည်း စကားမပြောဘူး။ ပြီးတော့ ကျောင်းထောင့်က မန်ကျည်းပင်အောက်မှာ အမြဲသွားသွား တရားထိုင်တယ်။ ဒီကိုရောက်ပြီး ၁၅ရက်မြောက်တဲ့နေ့မှာပဲ ဦးဇင်းလေးရယ် ပြောရမှာတောင် စကားမထွက်ရက်ပါဘူး။ အဲဒီ သူတရားထိုင်တဲ့မန်ကျည်းပင်မှာပဲ ကြိုးဆွဲချ ပျံလွန်တော်မူသွားတယ်။’

‘အို’ သူ့နှုတ်မှ အသံထွက်သည်အထိ အံ့သြသွားပါသည်။ ဆရာတော်က စကားဆက်သည်။

‘ပျံလွန်တော်မူတော့ သင်္ကန်းကြားထဲမှာ စာရွက်ကလေးတစ်ရွက် တွေ့ရတယ်။ ဘာရေးထားသလဲဆိုတော့ “ဘဝဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏။” တဲ့။ တပည့်တော်တို့လည်း သူဘာတွေဖြစ်လာခဲ့တယ်ဆိုတာလည်း မသိရဘူး၊ တစ်မြို့လုံးကလည်း စိတ်မကောင်းကြဘူး။ သူ့အမေဆိုတာကတော့ ပြောမနေပါနဲ့တော့။ အခုဆိုပျံလွန်တော်မူသွားတာ တစ်နှစ်ကျော်ပြီဆိုပါတော့’

‘အဲဒီဦးဇင်းလေးက သင်္ကန်းကို တကယ်ကောယူမိလို့လားဘုရား’

‘အဲဒါပြောမလို့ပဲ….. ပျံလွန်တော်မူပြီး သုံးလလောက်ကြာတော့ သူနဲ့တော်တော်ခင်တဲ့ သူ့ရဲ့သူငယ်ချင်း ဦးဇင်းတစ်ပါးရောက်လာတယ်။ ရောက်လာတဲ့….သူ့သူငယ်ချင်း ဦးဇင်းဆီက စကားကြားရတော့မှ အားလုံးစိတ်မကောင်းဖြစ်ကြရတယ်။ သင်္ကန်းပျောက်တဲ့ဦးဇင်းလေးက သင်္ကန်းပျောက်သွားတာတော့ တကယ်ပျောက်သွားတာပဲ။ ဖြစ်ပုံက အဲဒီဦးဇင်းလေးက ဆွမ်းခံကြွနေတုန်း သူ့ရဲ့ ဦးလေးဘုန်းကြီးက တောကရောက်လာတယ်တဲ့။ မန္တလေးကို ပစ္စည်းလာဝယ်တာတဲ့၊ သေတ္တာပေါ်မှာ သရီးရိုင်ဖယ်သင်္ကန်းကို တွေ့သွားပြီး သဘောကျတာနဲ့ တူလည်းဖြစ်၊ တပည့်လည်းဖြစ်နေတာနဲ့ မပြောပဲ ယူသွားလိုက်တယ်။ ဘူတာကို ချက်ချင်းဆင်းရတာဆိုတော့ ယူသွားတဲ့အကြောင်း ဘယ်သူ့မှလည်း ပြောချိန်မရတော့ဘူး ထင်တယ်။ အဖြစ်မှန်ကို ဘယ်သူမှမသိကြတော့ ပြဿနာဖြစ်ကြတော့တာပဲ။

နောက် တပည့်တော် တပည့်ဦးဇင်းလေး ပျံလွန်တော်မူပြီး နှစ်လလောက်နေမှ သင်္ကန်းပျောက်တဲ့ ဦးဇင်းလေးက သူ့ရွာပြန်မှ ဦးလေးဘုန်းကြီးက သူသင်္ကန်းယူသွားတဲ့ အကြောင်းပြောပြတာတဲ့၊ အဖြစ်မှန်ကို သိရတဲ့အချိန်မှာ အားလုံးကလွန်ကုန်ပြီ။

တစ်ထွာလောက်ရှိတဲ့ လျှာတစ်ချောင်းဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ ဘာမဟုတ်တဲ့ စကားတစ်ခွန်းဟာ အသက်တစ်ချောင်းအထိ ဆုံးရှုံးသွားရတယ်။

တပည့်တော် အသက် ရှစ်ဆယ်နီးနေပါပြီ။ တော်ရုံတန်ရုံကိစ္စကို အသက်အရွယ်အရ တရားနဲ့ဖြေလို့ရပါတယ်။ ဒီဦးဇင်းလေးကိစ္စကျတော့ ငယ်ငယ်လေးကတည်းက ကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့ရတဲ့ တပည့်ရင်းလေး ဖြစ်နေတော့ သံယောဇဉ်လည်း တော်တော်ဖြစ်မိပါတယ်။ အဲဒါကြောင့် စိတ်ထဲမှာ ဣနြေ္ဒမရတော့ ဖြစ်မိတယ်။ နောက်ဆုံးတော့ သဗ္ဗေသတ္တာ ကမ္မဿကာ သူ့ဝဋ်ရှိလို့ ခံရတာပဲလေလို့ နှလုံးသွင်းလိုက်ရတယ် ဦးဇင်းလေးရယ်’

ဆရာတော်က ဆက်တိုက်ပြောလိုက်ရလို့ထင်သည်။ သည်မှာပင် စကားကို ရပ်ထားသည်။ စကားက သည်မှာတင် မဆုံးသင့်သေးပါ။ သည့်အတွက် သူကပဲ စကားစလိုက်ရသည်။

“ဆရာတော်ဘုရား။ ဘုရားတပည့်တော် အထင်တော့ ဦးဇင်းလေးအနေနဲ့ ဒီနည်းနဲ့မဖြေရှင်းဘဲ တခြားနည်းတစ်ခုခုနဲ့ ဖြေရှင်းဖို့ကောင်းတယ်ဘုရား။ ဖြေရှင်းနည်း မှားသွားတယ် ထင်တယ်ဘုရား။”

”အင်း…ဒါပေမယ့် ဦးဇင်းလေးရယ်…ဝဇီရဗုဒ္ဓိဋီကာမှာ ဂါထာလေးတစ်ပုဒ်ရှိတယ်။

ယေဘုယျေန ဟိ သတ္တာနံ၊ ဝိနာသေ ပစ္စုပဋ္ဌိတေ။

အနယောနယ ရူပေန၊ ဗုဒ္ဓိမာဂမ္မတိဌတိ။ တဲ့

အဓိပ္ပါယ်ကတော့ “သတ္တဝါတွေဟာ ပျက်စီးဖို့အချိန်တန်လာရင် နည်းဆိုးနည်းမှားဟာ နည်းမှန်ဟန်ဆောင်ပြီး စိတ်မှာ ထင်လာတတ်တယ်” တဲ့။ တကယ်တော့…လူဟာ ပျက်စီးဖို့အချိန်တန်လာရင် ဘာနဲ့မှ ကာကွယ်လို့ မရတော့ပါ
ဘူး။ ကဲ…ကဲ….ဦးဇင်းလေးလည်း တရားဟောရဦးမယ်။ ကြွတော့…ကြွတော့။”

“မှန်ပါဘုရား”

သူ ဆရာတော်ကိုလက်အုပ်ချီပြီး အရိုအသေပေးရင်း နားနေဆောင်သို့ပြန်ခဲ့သည်။ လှမ်းရသည့် ခြေလှမ်းတွေက သိပ်မသွက်ချင်၊ လေးတွဲ့ဖင့်နှေးနေသည်။ ဆရာတော်ကတော့ သူ့တပည့် ဦးဇင်းလေး လဲလျောင်းရာ အုတ်ဂူလေးနားမှာပဲ ရပ်ကျန်ခဲ့သည်။

တစ်ထွာလောက်ရှိသော လျှာတစ်ချောင်းကို သူတော်တော်ကြောက်သွားပါသည်။ ပြီးတော့မုန်းချင်စိတ်လည်း ပေါက်သွားပါသည်။

မြတ်စွာဘုရားလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ အရှင်သာရိပုတ္တရာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဆရာတော်အရှင်ဇနကာဘိဝံသလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မင်းကွန်းဆရာတော်ဘုရားကြီးလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ နပိုလီယန်လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဟစ်တလာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မာသာထရီဇာ လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဘင်လာဒင်လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။

ထိုလျှာတစ်ချောင်းသည် မကြာခင်ပြာဖြစ်ရဦးမည်။ ပြာမဖြစ်ခင်တော့ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုအနေနှင့် အကောင်းအဆိုးတွေဖန်တီးနေဦးမည်။ ထိုလျှာတစ်ချောင်းကြောင့်ပင် သူကျင်လည်ရာဝန်းကျင်တွင်ရှိသော သတ္တဝါတို့သည် အမြင့်သို့လည်း ရောက်သွားနိုင်သည်။ အနိမ့်သို့လည်း ရောက်သွားနိုင်သည်။ အမှောင်ထဲသို့လည်း ရောက်သွားနိုင်သည်။ အလင်းထဲသို့လည်း ရောက်သွားနိုင်သည်။ လျှာတစ်ချောင်းသည် အဖြူအမည်း ကို ကောင်းကောင်းဖန်တီးနိုင်ပါသည်။

လျှာတစ်ချောင်သည် ပြာဖြစ်သွားလျှင်ကော ဇာတ်သိမ်းသွားပြီဟု ဆိုနိုင်ပါမည်လား။

ဗုဒ္ဓဘာသာ၏ အဘိဓမ္မာသဘောတရားအရ ကံ, ကံ၏အကျိုးဆိုတာ ရှိသည်ပဲလေ။ ကံ, ကံ၏အကျိုးအရ အသက်ထင်ရှားရှိစဉ် ပြုမူပြောဆိုခဲ့သော အမူအရာတို့သည် ကမ္မသတ္တိတစ်ခုအနေနှင့် ဟိုဘက်ဘဝအထိ ပါသွားပါလိမ့်မည်။ ပြာဖြစ်သွားလျှင်တော့ ဘာမှ အယူခံခွင့်မရှိတော့။ သတ္တိအားလျော်စွာ သုဂတိ၊ ဒုဂ္ဂတိ တစ်ခုခုက အသင့်ကြိုနေပါလိမ့်မည်။

ပြာမဖြစ်ခင် လျှာတစ်ချောင်းကို အမှီပြုပြီး တမလွန်၏ သုဂတိ ဒုဂ္ဂတိကို ကောင်းကောင်းဖန်တီးနိုင်ခွင့် ရှိနေသေးသည်။ ပြာဖြစ်သွားလျှင်တော့ ဖန်တီးနိုင်ခွင့် ရွေးချယ်နိုင်ခွင့် မရှိတော့ပါ။

ဘာပဲပြောပြော ည(၇)နာရီ ထိုးလျှင်ပင် သူလျှာတစ်ချောင်းကို အသုံးပြုရပါဦးမည်။ သည်တော့လည်း သူ၏လျှာတစ်ချောင်းကို ကျေးဇူးတင်လိုက်ရပြန်ပါသည်။

ရဝေနွယ်-အင်းမ

မော်လမြိုင်ကျွန်းမြို့နယ်

ပရိယတ္တိသာသနာနုဂ္ဂဟအသင်း

ရွှေရတုအထိမ်းအမှတ်မဂ္ဂဇင်း (၁၃၁၆-၁၃၆၆)

(“အမြဲစီးဆင်းနေသော မြစ်တစ်ဆင်း အကြောင်း” စာအုပ်မှ ကူးယူဖော်ပြပါသည်။)

.

LEAVE A REPLY

Please enter your comment!
Please enter your name here